ပို့ကုန်ရငွေကြွေးကျန် အပြည့်အဝ ပြန်လည်ပေးသွင်းပြီးသော ကုမ္ပဏီများအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးထားခြင်းတို့မှ ပယ်ဖျက်ပြီးစီးကြောင်း ကြေညာခြင်း
၁။ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၂၈) ခုအားလည်းကောင်း၊ ၂ဝ၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ များအနက် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့်အထက်ရှိသော ကုမ္ပဏီ (၅၅) ခုအားလည်းကောင်း၊ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီးနောက် ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီ (၁၉၇) ခုအားလည်းကောင်း၊ (၁-၁-၂၀၂၁) ရက်နေ့မှ (၃၁-၃-၂၀၂၅) ရက်နေ့အထိ ကာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီ (၂၈၇) အား လည်းကောင်း အမည်မည်းစာရင်း (Black Lists) ထည့်သွင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညှိနှိုင်းချက်အရ ပြည်ထဲရေးဝန်ကြီးဌာန နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
၂။ အဆိုပါ အမည်မည်းစာရင်းထည့်သွင်းခြင်းနှင့် မြန်မာပြည် ဝင်/ထွက်ခွင့် တားဆီးခြင်းခံရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ (၂၉) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း (၃၀-၁၂-၂၀၂၅) ရက်နေ့တွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
၃။ ယခုအခါ ပူးတွဲပါ ကုမ္ပဏီ (၁၇) ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီး ဖြစ်သဖြင့် ယင်းကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်တို့အပေါ် အမည်မည်းစာရင်း (Black Lists) ထည့်သွင်း ခြင်းနှင့် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်ကြောင်း ကြေညာပါသည်-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၂၇-၄-၂၀၂၆)
